အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ ဖက်ဆစ် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးရှိ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁၂) နာရီခွဲအချိန်တွင် အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီသည် ဂျက်လေယာဉ်တစ်ဦးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ ဖက်ဆစ် စစ်ကောင်စီ၏ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦး ဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲထိမှန်ခဲ့သောကြောင့် အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့ အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖက်ဆစ် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ ည (၂) နာရီခွဲအချိန်ခန့်ကလည်း အရပ်သား ပြည်သူများကို ဆေးကုသပေးနေသော မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း (၁၈၅) ရက်ရှိခဲ့ပြီ ဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို စစ်ရှုံးဖက်ဆစ် စစ်ကောင်စီသည် လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ရှုံးမဲမဲကာ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
Comments