top of page

အမ်း၊ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးပြီးနောက် အမ်းမြို့ နှင့် နပခ ကို အပြီးသတ်သိမ်းပိုက်ရရှိ



၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်

 

အာရက္ခဒေသ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိမိတို့ အာရက္ခတပ်တော်အနေဖြင့်လည်း ရန်သူ၏ မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်သည်။

 

ထို့ကြောင့် အမ်းမြို့နယ်တစ်ခုလုံးအား ယနေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပြီဖြစ်သည်။

 

ယခင်သိမ်းပိုက်ထားသော (၁၃) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်ကြသည်။

 

လက်ရှိအချိန်၌လည်း ဂွမြို့နယ်အတွင်းရှိ ရန်သူများအား အာရက္ခတပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော ရန်သူ၏ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်း များစွာတို့ဖြင့် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကိုလည်း မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

 

ထို့ကြောင့် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း၌ မိမိတို့ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် (၃) မြို့သာ ကျန်ရှိတော့မည်ဖြစ်သည်။

 

ယခုလိုအောင်မြင်မှုအသီးအပွင့်များမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာမဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊  မဟာမိတ်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေတစ်ချို့တို့၏ ဝန်းရံပံ့ပိုးမှုများကြောင့် ဖြစ်သည်ကို အမြဲနှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်သော အဖွဲ့အစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်အပ်ပါသည်။

 

စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင် ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝတို့ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှု၊ အာရက္ခဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို နှစ်ရှည်လများ အတူတူရင်ဆိုင် ခါးစည်းခံရပ်တည်မှုများကလည်း များစွာ အထောက်အကူပြုခဲ့သောကြောင့် ဤအောင်မြင်မှုအသီးအပွင့်နှင့် ဆက်စပ်ပတ်သက်နေသော သူများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အထူးအလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

 

ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ တော်လှန်သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုအဖြစ် မျှဝေဂုဏ်ပြုအပ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

383 views

Comments


bottom of page