top of page

အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့သော ဘင်္ဂလာဒေ့ရှ်နိုင်ငံသား၊ရေလုပ်သား (၅) ဦးတို့အား ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းဆိုင်ရာသတင်းထုတ်ပြန်ချက်





အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့သော ဘင်္ဂလာဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား (၅) ဦးတို့အား ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ နံနက် (၁၁) နာရီ (၄၃) မိနစ်အချိန်၌ ဘင်္ဂလာ‌ဒေ့ရှ်နယ်စပ်အနီး အာရက္ခရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ဝင်ရောက်ငါးဖမ်းခဲ့သော စက်လှေနှစ်စီးအနက် တစ်စီးအား အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။ အဆိုပါကျူးကျော်ဝင်ရောက်လာသည့် စက်လှေနှစ်စီးထဲမှ တစ်စီးမှာ ဘင်္ဂလာဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ဦးလှည့်ထွက်ပြေးသွားပြီး ကျန်တစ်စီးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား (၅) ဦး ဖြစ်ကြသည့်

(၁) Abdur Rahim (၂၂) နှစ်

(၂) Md Rasel Mia (၂၃) နှစ်

(၃) Md Saiful Mia (၁၇) နှစ်

(၄) Borhan Uddin (၁၉) နှစ် နှင့်

(၅) Md Rashed (၂၄) နှစ် တို့အား အာရက္ခတပ်တော်၊ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၎င်းတို့အား လုပ်ထုံးလုပ်နည်း များနှင့်အညီ လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမေးမြန်းရန် ယာယီထိန်းသိမ်းခဲ့ပါသည်။ 

 

လက်ရှိအချိန်တွင် အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သည့် ဘူးသီးတောင်မြို့နယ်နှင့် လက်ကျန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသော မောင်တောမြို့နယ်များရှိ မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်လှမ်းမမီနိုင်သေးသည့် နေရာအချို့တွင် ARSA၊ RSO နှင့် ARA ကဲ့သို့သော စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း အစွန်းရောက်အကြမ်းဖက်အုပ်စုများသည် အပြစ်မဲ့ ဒေသခံလမ်းသွားလမ်းလာများ၊ ကုန်ရောင်းကုန်ဝယ်ပြုလုပ်နေသူများ၊ ဝမ်းရေးအတွက် ဟင်းစားရှာဖွေနေသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ကို အလစ်အငိုက်ချောင်းကာ ခပ်စိပ်စိပ်ပြုလုပ်လာလျက်ရှိသည်။

 

တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာဒေ့ရှ် - အာရက္ခ နယ်စပ် နှင့် နတ်မြစ်တစ်လျှောက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်၊ ဝင်ရောက်၊ ခိုးဝင်၊ ခိုးထွက်နေခြင်းများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ထိုဖြစ်စဉ်များထဲတွင် ARSA၊ RSO နှင့် ARA အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များသည် နတ်မြစ်ကြောင်းတစ်လျှောက်၌ ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်ပြီး အကြမ်းဖက်မှုများကို ရံဖန်ရံခါ ပြုလုပ်ခဲ့သော သာဓကဖြစ်စဉ်များလည်း ရှိခဲ့ပါသည်။

 

အာရက္ခစစ်သည်တော်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် မိမိတို့ အာရက္ခဒေသနေ အပြစ်မဲ့ အရပ်သားပြည်သူများအား လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို အထူးအလေးထားသကဲ့သို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နတ်မြစ်ကြောင်းတစ်လျှောက်တွင်  အကြမ်းဖက်သမားများ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးတိုအတွက် ဒေသခံပြည်သူလူ ထုများနှင့် ပူးပေါင်းကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ ထို့အပြင် လက်နက်ကိုင်ဆောင်၍ ထွက်ပြေး လွတ်မြောက်နေ‌သေးသည့် အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့ကိုလည်း မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ လိုက်လံဖမ်းဆီးလျက်ရှိသည်။

 

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ရေပိုင်နက်ဖက်ခြမ်းမှ အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ ကျူးကျော်ဝင်ရောက်လာသူများ၊ မုန်တိုင်း ကြောင့် စက်လှေပျက် (သို့မဟုတ်) တိမ်းမှောက်ကာ မိမိတို့ရေပိုင်နက်ထဲသို့ ဆိုက်ကပ်ရောက်ရှိလာခဲ့ကြသူများအား မိမိတို့အနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ကောင်းမွန်စွာ ကယ်ဆယ်ထားပြီး ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များထံ သို့ လွှဲပြောင်းအပ်နှံပေးခဲ့သော ဖြစ်ရပ်အချို့လည်း ရှိခဲ့ပြီးဖြစ်ပါသည်။

 

ယခုဖြစ်စဉ် အပါအဝင် ယခင်ဖြစ်စဉ်အချို့၌လည်း မိမိတို့မှ ဘင်္ဂလာ - အာရက္ခနယ်စပ်၊ နတ်မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသော အရပ်သားပြည်သူလူထုများ၏ နယ်စပ်ဖြတ်ကျော်ပြီးမှ ဝမ်းစာရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရမှု များကို သဘောထားကြီးစွာဖြင့် ညှာတာထောက်ထား၍ ပြန်လည်လွှတ်ပေးခဲ့သည်များရှိပါသည်။ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များ၏ ညှိနှိင်းတောင်းဆိုချက်များအား အသိအမှတ်ပြုအလေးထားသည့်အနေဖြင့် အာရက္ခ ရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား (၅) ဦးတို့အား မိမိတို့မှ ခေတ္တ ခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် ဆက်လက်ထိန်းသိမ်းထားခြင်းမပြုတော့ဘဲ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နေ့လည် (၁၂) နာရီ (၅၀) မိနစ် အချိန်တွင် ဘင်္ဂလာဒေ့ရှ် - အာရက္ခ ရေပိုင်နက် နယ်စပ်မျဉ်း၊ တက္ကနာ-မောင်တော ရေပြင်တစ်နေရာ၌ နောက်နောင်များတွင် ဤကဲ့သို့ကျူးကျော်ငါးဖမ်းခြင်းများ ထပ်မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုး၍ ပြန်လည်လွှတ်ပေးခဲ့ပါသည်။ ထို့အပြင် မိမိတို့ ခေါ်ယူစစ်မေးနေသည့်အချိန်တွင်လည်း အတင်းအဓမ္မ စစ်ဆေးမေးမြန်းခြင်းများ၊ ရိုက်နှက်ခြင်းများ မပြုလုပ်ခဲ့ကြောင်းကိုလည်း ကာယကံရှင်များကိုယ်တိုင်မှ ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်ပါသည်။

 

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိသူများသည်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ (Border Guard Bangladesh-BGB) မှ တာဝန်ရှိသူများမှ ၎င်းတို့ နိုင်ငံသား (၅) ဦးတိုအား ကောင်းမွန်စွာ လွှဲပြောင်းလက်ခံရရှိသည့်ကိစ္စနှင့် ပတ်သက်၍ အဆိုပါကိစ္စကို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


84 views

Comments


bottom of page