top of page

အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ






အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်

 

မောင်တောမြို့တွင်းမှ ခုခံစစ်ဆင်နွှဲနေခဲ့သော ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက်မူဆလင်လက်နက်ကိုင်အဖွဲ့များ အပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ နှင့် အာရက္ခတပ်တော်တို့သည် ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

 

အာရက္ခတပ်တော်သည်လည်း မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့အတွင်းရှိ ရန်သူ၏ အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။ မိမိတို့သည် မောင်တောမြို့အတွင်းမှ ရန်သူ၏ ခံစစ်နေရာအများစုအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီး ဖြစ်သည်။

 

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက် ရှိသောကြောင့် မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်း၏နေရာအချို့၌ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၇/၂၈/၂၉) နေ့တွင်လည်း မိမိတို့ ထပ်မံသိမ်းပိုက်ရရှိထားသော မောင်တောမြို့၏ နေရာအနှံ့အပြားမှ ရန်သူစစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများအပြင် သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ဖက်ဆစ်စစ်ကောင်စီနှင့် အပေါင်းအပါများသည် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ၎င်းတို့၏ နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု၍ တိုက်ခိုက်ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ထို့အပြင် မောင်တောမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ်အတွင်း၌လည်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့သော တိုက်တာအဆောက်အဦးတို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

 

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထုများအား အာရက္ခတပ်တော်မှ တိုက်ပွဲများအတွင်း အရေအတွက် နှစ်သောင်းခြောက်ထောင်(၂၆၀၀၀) နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်သည်။

 

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း ဖက်ဆစ်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ပြင်းထန်စွာ ဖြစ်ပွား လျက်ရှိသည်။

 

ရန်သူသည်လည်း မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘော အရေအတွက်များကို ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိသည့်နည်းတူ အာရက္ခတပ်တော်မှလည်း အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသ များနှင့်ဆက်စပ်နေသော နေရာများ၌ တိုက်ပွဲများပြင်းထန်နေခဲ့သည်။

 

နောက်ဆက်တွဲတိုက်ပွဲသတင်းများရရှိပါက ထပ်မံတင်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

319 views

Comments


bottom of page