top of page

အာရက္ခဒေသ တိုက်ပွဲသတင်းများ














အာရက္ခဒေသ တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်


အာရက္ခဒေသအတွင်း၌ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများမှာ မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်များတွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိနေသကဲ့သို့ တောင်ကုတ်မြို့ပတ်ဝန်းကျင်၌လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိသည်။


စစ်တွေမြို့ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများမှနေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များဘက်သို့ ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများသို့ပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။  ပင်လယ်ပြင်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း နေ့တိုင်းပြုလုပ်လျက်ရှိသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့တိုင်းဖြစ်ပျက်လျက်ရှိသည်။


မောင်တောမြို့တွင် ဖက်ဆစ်အကြမ်း ဖက်စစ်ကောင်စီ၏ နခခ (၅) စခန်းတစ်ခုသာ ကျန်ရှိနေပြီ ဖြစ်သော်လည်း မောင်တော နှင့် ဘူးသီးတောင်မြို့များ၌ အာရက္ခတပ်တော်မှ လောလောဆယ် လက်လှမ်းမမှီသေးသော နေရာအချို့နှင့် တောထူထပ်သောတောင်တန်းများထဲတွင် ARSA၊ RSO၊ ARA အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် တပ်စခန်းများကို အခိုင်အမာတည်ဆောက်ပြီး ခိုအောင်းလျက်ရှိကြသည်။ ထို့အပြင် ၎င်းနေရာများကို ဗဟိုပြုထားပြီး ARSA၊ RSO၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ အရပ်သားပြည်သူလူထုများအား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အကြမ်းဖက် သတ်ဖြတ်သွားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ အချို့နေရာများ၌ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနှင့် ARSA ၊ RSO၊ ARA အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ပူးတွဲစစ်ရေးလှုပ်ရှားကာ မိမိတို့အား လာရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်။


ဤအစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏  အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူ လူထုများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းလှပါသည်။  ဤဖြစ်ရပ်များမှာ စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိသည်။


ထို့ကြောင့် မိမိတို့ အာရက္ခတပ်တော်သည် မောင်တော နှင့်ဘူးသီးတောင်မြို့ပတ်ဝန်းကျင်များ၌  ARSA ၊ RSO ၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ခိုအောင်းနိုင်သော နေရာများ နှင့် စစ်ကောင်စီမှ သင်တန်းပေးထားပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော မူဆလင်လက်နက်ကိုင် အချိုတို့အား လိုက်လံရှင်းလင်းလျက်ရှိသောကြောင့် ယခုရက်များအတွင်း မိမိတို့နှင့် ARSA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မူဆလင်) ကျေးရွာ၏ အနောက်မြောက်ဘက် (၆.၂) ကီလိုမီတာအကွာအဝေး၌ရှိသော တောင်တန်းတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်၌ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ထို့နောက်တွင် အဆိုပါ ပတ်ဝန်းကျင်များ၌ ထိတွေ့တိုက်ပွဲ (၅) ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အခိုင်အမာစခန်းချနေထိုင်ခဲ့သော နေရာ (၄) နေရာ၊ အကြမ်းဖက် စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် အစွန်းရောက်အကြမ်း ဖက်လက်နက် ကိုင်တပ်ဖွဲ့ဝင် အလောင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်ခန့်အချိန်တွင်လည်း မောင်တောမြို့နယ်၊ ဂြင်းတောစခန်း၏ အရှေ့ဖက် (၃.၇) ကီလို မီတာအကွာ၌လည်း ထွက်ပြေးနေသော ARSA အစွန်းရောက် အကြမ်းဖက်လက် နက်ကိုင် တပ့်ဝင်များနှင့် မိနစ်အနည်း ငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။


တစ်ပြိုင်နက်တည်းတွင် ထွက်ပြေးလွတ်မြောက်နေသော အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက်စစ်ကောင်စီမှ စစ်သင်တန်းပေးပြီး   လက်နက်တပ်ဆင်ပေးထားသော မူဆလင်တပ်ဖွဲ့ဝင်များကို မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။


သတင်းနှင့် ပြန်ကြားရေး

အာရက္ခတပ်တော်

520 views

Comments


bottom of page