top of page

အာရက္ခဒေသ၊ ဂွ တိုက်ပွဲသတင်း






အာရက္ခဒေသ၊ ဂွ တိုက်ပွဲသတင်း

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်

 

အာရက္ခဒေသအတွင်း၌  အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့ပြီး ယနေ့အချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ၌ မည်သည့်တိုက်ပွဲတွင်မဆို အရှုံးများနှင့် ရင်ဆိုင်နေရပြီး စခန်းတစ်ခုပြီးတစ်ခု၊ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ် ဆုံးရှုံးနေရသော အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီသည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြသည်။ ဖက်ဆစ် စစ်ကောင်စီ၏ ဤကဲ့သို့သော လုပ်ရပ်များမှာ အာရက္ခဒေသတစ်ခုအတွင်း၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့တွင် နေ့တိုင်းနီးပါး ပြုလုပ်နေသည့် လုပ်ရပ်များပင်ဖြစ်သည်။

 

အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်သည်။ မိမိတို့၏ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွ မြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး  ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်သည်။

 

ထို့ကြောင့် အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိသည်။ ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော ရန်သူများကို မိမိတို့မှလည်း အဆက်မပြတ် လိုက်စစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိသည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့များတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ ဂွမြို့နယ်၊  "အလယ်ရွာ"ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်လည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီ၏ ဤကဲ့သို့ မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရသည်။

 

အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်သည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

Kommentare


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page