top of page

လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်သောULA/AA အကျင့်ပျက်ဝန်ထမ်းများကို အရေးယူခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်











အာရက္ခဒေသ၏ မြို့သိမ်းတိုက်ပွဲများကာလအတွင်း ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် လူ့အသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ထား ကြသော သူများအား အပြစ်ပေးအရေးယူထားပြီး မိမိတို့ထိန်းသိမ်းထားသောပစ္စည်းများကို ကာယကံရှင်များ လက်ထဲသို့ ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာ သတင်းထုတ်ပြန်ချက်


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက် 

 

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်းမှ မြို့များဖြစ်ကြသော ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့များအပြင် ပလက်ဝဒေသတို့အား အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။ အာရက္ခဒေသနှင့် ပလက်ဝဒေသ များအတွင်း၌  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ စတင်ခဲ့သော တိုက်ပွဲများနှင့်အတူ အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲကာလမှာ ယနေ့ဆိုလျှင် ဆယ်လတိတိပြည့်ခဲ့ပြီဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် အာရက္ခတပ်တော်သည် မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော လက်ကျန်မြို့များထဲမှ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။

အာရက္ခဒေသတစ်ခုလုံး ဖက်ဆစ်စစ်ကောင်စီတပ်ကင်းစင်ရေးသည် မိမိတို့၏ ပထမဆုံးသော စစ်ရေး ရည်မှန်းချက်ဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးမှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်လည်းဖြစ်လိမ့်မည်ဟု မိမိတို့ အပြည့်အဝယုံကြည်ပါသည်။

 

အထက်ဖော်ပြပါ မြို့သိမ်းတိုက်ပွဲ များကို ဆင်နွှဲကြသည့်အခါများ၌ မိမိတို့သည် အာရက္ခဒေသနေ မိဘပြည်သူလူထုတို့၏ အခြေခံ တိုက်တာအဆောက်အအုံ၊ လူနေအိမ်၊ အရပ်သားပြည်သူလူထုများကို အထိအခိုက်၊ အပျက်အစီး မရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် အလေးထား ဂရုပြုဆောင်ရွက်လေ့ ရှိသော်လည်း ဖက်ဆစ်စစ်ကောင်စီသည် မိမိတို့ ပြည်သူလူထုများ၏ လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်၊ တန်ဆောင်း၊ သာသနိကအဆောက်အအုံများအပြင် ယခင်အစိုးရ အဆက်ဆက် လက်ထက် အသုံးပြုခဲ့ကြသော ဌာနဆိုင်ရာ အသီးသီးတို့၏ အဆောက်အအုံများကို တိုက်ပွဲများအတွင်း ၌သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေ့ရက်များ၌ပါ လက်နက်ကြီးများဖြင့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်ခြင်း များကို ယနေ့အထိ ယုတ်မာစွာ ပြုလုပ်လျက်ရှိသည်။

မိမိတို့သိမ်းပိုက်ရရှိထားပြီးဖြစ်သော မြို့များတွင် အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲ အနည်းငယ်သာရှိခဲ့သည်။ ထိုအထဲတွင် မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့သော ပေါက်တော၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့ (နခခ-၅ တစ်ခုတည်းသာကျန်) များ၌ တိုက်ပွဲကာလများ အတွင်း လူနေအဆောက်အအုံ ပျက်စီးမှု ပိုမိုများပြားခဲ့သည်။ စစ်ကောင်စီသည် အဆိုပါမြို့များမှ ဒေသခံ မြို့သူ မြို့သားများကို လူသားဒိုင်းကာများအဖြစ်အသုံးပြုကာ ခံစစ်များပြုလုပ်၍ ခုခံကာကွယ်ခဲ့ကြသည်။ ထို့အပြင် လူနေအိမ်၊ တိုက်တာ အဆောက်အအုံအများစုမှာလည်း ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ မှုများကြောင့် ပျက်စီးရသည်က ပိုများခဲ့သည်။

မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိသော မြို့များမှ ဒေသခံပြည်သူလူထုများမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက တိုက်ပွဲလွတ်ရာနယ်မြေများသို့ ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် အသက်၊ အန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းခဲ့ရသည်။ အခြားတစ်ဖက်တွင် ဤကဲ့သို့ ကြိုတင်တိုက်ပွဲရှောင်နိုင်ခဲ့ ခြင်းကြောင့် အဆိုပါမြို့များမှ ဒေသခံပြည်သူလူထုများသည် ၎င်းတို့ပိုင်ဆိုင်သော ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိသော လေးလံပြီး ရွှေ့ပြောင်းသယ်ယူရန် အဆင်မပြေသော ထုထည်ကြီးပစ္စည်းများ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်တွင် ဝှက်ထားချန်ရစ်ခဲ့သော ရွှေ၊ ငွေ အချို့တို့သည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရ သည်သာမက ပျောက်ဆုံးမှုများရှိကြသည်များကို စိတ်မကောင်းဖွယ် ကြားသိရပါသည်။

 

ထို့အတူ  ဒေသခံပြည်သူတချို့၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများမှာ တိုက်ပွဲများအတွင်း နှင့် တိုက်ပွဲများ ပြီးဆုံးသည့်အချိန်တွင် ပျောက်ဆုံးမှုများ ရှိခဲ့သည်ကို ကာယကံရှင်များ၏ တိုင်တန်းချက် နှင့် မိမိတို့ ထောက်လှမ်းရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးချက်များအရ သိရှိလာရပါသည်။

ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ခိုးမှုများကိုကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက်တန်သောအပြစ်များပေး၍ အရေးယူထားပြီး ဖြစ်သကဲ့သို့ ခိုးယူထားသောပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိပါက ပိုင်ရှင်အစစ်အမှန် များ လက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါသည်။

 

ထို့အပြင် တချို့သောနေရာများ၌ ပိုင်ရှင်များဝှက်ထားခဲ့သော ရွှေ၊ ငွေ အစရှိသော အဖိုးတန် ပစ္စည်းများကို မိမိတို့တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ပါသည်။ ဥပမာ - ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထား ခဲ့သည်ကို မိမိတို့ တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့သောကြောင့် အဆိုပါ ပစ္စည်းများအားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်ပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများသည် တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်တွင်သိမ်းဆည်းထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်းမရှိပါက မိမိတို့၏ သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူး များထံတွင် မှန်မှန်ကန်ကန် သတင်းပေးပို့ကြစေလိုပါသည်။ သတင်းများပေးပို့ကြပါရန်ကိုလည်း တိုက်တွန်း အပ်ပါသည်။

အာရက္ခတပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရက္ခစစ်သည်တော်ကျင့်ဝတ်များ နှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ပါသည်။ သို့ရာတွငမိမိတို့၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့တို့သည် လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)”  ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာနကို ဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမည် ဖြစ်သည်။ ထို့အပြင် ပြည်သူ လူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေးအာရက္ခတပ်တော်


101 views

Recent Posts

See All

Коментарі


bottom of page