top of page

ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းနှင့်အကျဉ်းသားများအား ဆေးကုသပေးနေသောနေရာကို စကစ မှ ဗုံးကြဲတိုက်ခိုက်မှု ၁၇ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ





ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေ သောနေရာကို ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၇) ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးရှိ

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ ညနေ (၆) နာရီ (၅၀) မိနစ်နှင့် (၅၅) မိနစ်တို့တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ မှ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ အား ဆေးကုသပေးနေသော နေရာတစ်နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးအထိရှိခဲ့သည်။

 

၎င်းသေဆုံးသွားသည့်သူများထဲတွင် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် မိမိတို့၏သတင်းများကို စစ်ကောင်စီထံ ပေးပိုနေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ မိမိတို့၏ ကျန်းမာရေးဝန်ထမ်းတချို့ နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သား ပြည်သူ၊ ကလေးတချို့ပါဝင်ခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့သည်။

 

စစ်ရှုံးဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ဖြစ်ပျက်လျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

159 views

Comentarios


bottom of page