အာရက္ခတပ်တော်မှ စစ်ပွဲများအတွင်း လက်ရဖမ်းဆီးထားသော စစ်သုံ့ပန်းများ၊ ၎င်းတို့၏ မိသားစုဝင်များထဲမှ မကြာမီပြန်လည်လွှတ်ပေးရန် စီစဉ်ထားသောသူများ ယာယီထိန်းသိမ်းထားရှိသည့် နေရာအား ရန်သူ့ဂျက်ဖိုက်တာ (၁) စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ညနေ (၄) နာရီ (၄၅) မိနစ်တွင် တစ်ကြိမ်၊ (၄) နာရီ (၄၆) မိနစ်တွင် တစ်ကြိမ် နှင့် (၄) နာရီ (၄၇) မိနစ်တွင် တစ်ကြိမ် (၃) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ အချို့မှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ၎င်းထဲမှ ဒဏ်ရာပြင်းထန်သူအချို့မှာလည်း နောက်ထပ်သေဆုံးသူများစာရင်းထဲတွင်ရှိလာနိုင်သည်။
ယခုကဲ့သို့ဗုံးကြဲခံရ၍ သေဆုံး/ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်မှ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ဤနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။
၂၀၂၅ ခုနှစ် အစောပိုင်းကာလမှစ၍ ဤကဲ့သို့သော အကြမ်းဖက်တိုက်မှုများကို ဖက်ဆစ်စစ်ကောင်စီမှ ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြပါရန်ကိုလည်း သတိပေးတိုက်တွန်းလိုက်ပါသည်။
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ နှင့် ဒဏ်ရာရရှိသွားသူများအား အာရက္ခတပ်တော် ဆေးတပ်ဖွဲ့ဝင်များမှ ဆေးကုသမှုပေးနေစဉ်
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
Comments